`ဒီကိုရောက်လာတဲ့ လူကြီးတွေအားလုံး သူတို့ရဲ့ ဒုတိယမြောက်ရွေးချယ်ခွင့် အတွက် မောင်ရင်လိုပဲ ဖိုးဝရုပ်လေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြတယ်။ အေးလေ…. တကယ်အပြုံးစစ်တစ်ခု လှိုက်လှိုက်လှဲလှဲ အပြုံးတစ်ခုရဖို့ အရုပ်ကလေးဆီက သူတို့ပြန်သင်ယူကြရမှာပေါ့´။ အသက်ခုနစ်ဆယ်ခန့်ရှိသော အဖိုးအိုတစ်ယောက်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ၀ယ်ယူခဲ့သော ဖိုးဝရုပ်ကလေးကိုကြည့်ရင်း ထိုဖိုးဝရုပ်ကလေးရောင်းချသော ဆိုင်ပိုင်ရှင်၏ တိုးဖွဖွ စကားသံတို့ကို ပြန်လည်ကြားယောင်နေမိ၏။
ထိုအဖိုးအိုသည် ဆိုင်ပိုင်ရှင်၏ ဆိုစကားအတိုင်း ဖိုးဝရုပ်လေးဆီမှ စစ်မှန်သောအပြုံးတစ်ခုကို ပြုံးနိုင်ခြင်းမရှိသေးပေ။ ယခုလည်း သူနေထိုင်ရာ မြို့လေး၏ အရှေ့ဖက်လေးဖာလုံခန့်ဝေးသော ကားလမ်းဘေးယူကလစ်ပင်လေးတစ်ပင်အောက်ရှိ ထိုင်ခုံလေးတွင် ထိုင်၍ ဖိုးဝရုပ်လေးအား ကြည့်ရင်း စစ်မှန်သော အပြုံးတစ်ခုကို ရှာဖွေနေခြင်းဖြစ်၏။ အဖိုးအိုထိုင်နေရာရှေ့ဖက်တွင် ကားလမ်းဖို့စဉ်က မြေတူးယူခဲ့မှုကြောင့် ရေမြောင်းကြီးတစ်ခုဖြစ်နေ၍ ထိုရေမြောင်း၏ ရှေ့ဖက်တွင် မျက်စိတစ်ဆုံး လယ်ကွင်းပြင်များသာရှိ၏။ ရေမြောင်း၏ ဘေးကပ်လျက်လယ်ကွင်းတွင် လူငယ်တစ်ဦးသည် ထွန်စက်ကလေးဖြင့် လယ်ထွန်နေလေသည်။ အဖိုးအိုသည် လူင...